မြန်မာနိုင်ငံရှိ လူမျိုးရေးအဓိကရုဏ်းသည် အလွန် ပင်ဆိုးရွားလျက်ရှိသောကြောင့် ယခုလအစောပိုင်းက Facebook ရှိ သတင်းအမှားများနှင့် အမုန်းတရားပြန့်ပွားမှုကို ကာကွယ်ရန် ကျွန်ုပ်တို့ဆောင်ရွက်နေသော လုပ်ဆောင်မှုများ၏ နောက်ဆက်တွဲအချက်အလက်များကို ဝေမျှခဲ့ပါသည်။ ကျွန်ုပ်တို့သည် တုံ့ပြန်ရာတွင် ကြန့်ကြာနေခဲ့သော်လည်း ယခုအခါတွင် အမုန်းစကားကို ရှာဖွေဖော်ထုတ်ရန် ပိုမိုတိုးတက်ကောင်းမွန်သော နည်းပညာများ၊ တိုင်ကြားသည့် Tool များကို အဆင့်မြှင့်တင်ထားခြင်းများနှင့် အကြောင်းအရာများကို ပြန်လည်ဆန်းစစ်ရန် လူဦးရေထပ်မံတိုးပွားတိုးမြင့်ထားခြင်းများကို လုပ်ဆောင်လျက်ရှိပါသည်။
Facebook အကောင့် ၁၈ ခု၊ Instagram အကောင့် ၁ ခု နှင့် လူပေါင်း ၁၂ မီလျီယံနီးပါး follow ထားသော Facebook Page ၅၂ ခု ကိုဖယ်ရှားလိုက်ခြင်းဖြင့် မြန်မာနိုင်ငံအတွက် အရေးယူဆောင်ရွက်မှုများကို ပိုမိုလုပ်ဆောင်လျက် ရှိပါသည်။ ကျွန်ုပ်တို့သည် ယခုဖယ်ရှားလိုက်သော အကောင့်များနှင့် Pages များမှ သတင်းအချက်အလက် ဒေတာများကို ထိန်းသိမ်းပေးထားလျက်ရှိပါသည်။
အတိအကျဖော်ပြရလျှင် လူပုဂ္ဂိုလ် အကောင့်များနှင့် အဖွဲ့အစည်းများ၏ အကောင့် စုစုပေါင်း (၂၀) ခုအပြင် မြန်မာ့တပ်မတော်ပိုင် မြဝတီရုပ်မြင်သံကြား သတင်းဌာန၏ page နှင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ အကောင့်တို့ကို Facebook မှ ပိတ်ပင်လိုက်ပါသည်။ မကြာသေးမီကပင် ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UN Human Rights Council) မှ အာဏာအပ်နှင်းထားသည့် အချက်အလက်ရှာဖွေရေး (Fact-Finding Mission) သည် မြန်မာနိုင်ငံနှင့် ပတ်သက်၍ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါသည်။ ၎င်း အစီရင်ခံစာတွင် ထိုသူများကြောင့် နိုင်ငံအတွင်းတွင် ပြင်းထန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်စေသည့် သက်သေအထောက်အထားများကိုလည်း နိုင်ငံတကာ ကျွမ်းကျင်သူများက ရှာဖွေတွေ့ရှိခဲ့ကြပါသည်။ သို့ဖြစ်၍ ထိုသူများ Facebook ကိုအသုံးပြုပြီး လူမျိုးရေးနှင့် ဘာသာရေး တင်းမာမှုများကို ထပ်မံလှုံ့ဆော်ခြင်းကို တားဆီးရန် ကျွန်ုပ်တို့ ကြိုးပမ်းနေပါသည်။ ထို့ကြောင့် ၎င်း အကောင့်ပိုင်ရှင်များ သို့မဟုတ် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ထားသော Facebook မှ Page (၆) ခု ၊ အကောင့် (၆) ခုအပြင် Instagram မှ အကောင့် (၁) ခု တို့ကို ဖြုတ်ချစေရန် ဦးတည်သွားခဲ့ပါသည်။
Facebook ပေါ်ရှိ မစစ်မှန်သော၊ တိုင်ပင်ညှိနှိုင်းထားသော အပြုအမှုများတွေ့ရသည့် Page ၄၆ ခုနှင့် အကောင့် ၁၂ ခုကိုလည်း ဖယ်ရှားထားပြီး ဖြစ်ပါသည်။ မကြာသေးမီက ပြုလုပ်ခဲ့သော စုံစမ်းစစ်ဆေးမှုတစ်ခုတွင် ထိုသူတို့သည် မြန်မာ့တပ်မတော်၏ သတင်းများကို တိတ်တဆိတ် တွန်းအားပေးရန် တစ်သီးတခြားဖြစ်သော သတင်းနှင့် ထင်မြင်ယူဆချက်ကိုဖော်ပြသည့် Page များအား အပြင်ပန်းအနေဖြင့်အသုံးချနေသည်ကို တွေ့ရှိခဲ့ပါသည်။ ၎င်းအပြုအမှုမျိုးသည် ကျွနု်ပ်တို့၏ Misrepresentation policy (မှားယွင်းစွာ တင်ပြသော မူဝါဒါ) ဖြင့် မကိုက်ညီသောကြောင့် Facebook တွင် တားမြစ်ပိတ်ပင်ထားသည်မှာ အသုံးပြုသူများက သူတို့ကိုယ်တိုင် ပြုလုပ်ထားသော ချိတ်ဆက်မှုများအပေါ် ယုံကြည်စိတ်ချနိုင်စေလိုသောကြောင့်ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတွင် Facebook အား အလွဲသုံးစားပြုမှုကိုကာကွယ်ရန် ဆက်လက် လုပ်ဆောင်လျက်ရှိပါသည်။ ထိုသို့ ကြိုးပမ်းရာတွင် ယခုနှစ်အစောပိုင်းက ကျွန်ုပ်တို့ တာဝန်ပေးအပ် ခံခဲ့ရသည့် လွတ်လပ်သော လူ့အခွင့်အရေးဆိုင်ရာသက်ရောက်မှုအကဲဖြတ်မှတ်တမ်းနှင့် ချင့်ချိန်ဆုံးဖြတ်မှုလည်း ပါဝင်ပါသည်။ အခြေတည်စ သတင်းမီဒီယာ အခြေအနေနှင့် မြန်ဆန်လှသော မိုဘိုင်းဖုန်းအသုံးပြုမှုနှုန်းတို့ ကြောင့် အခြားနိုင်ငံများနှင့်ယှဉ်လျှင် သတင်းအချက်အလက်အတွက် Facebook အပေါ် မှီခိုအားထားသည့် မြန်မာနိုင်ငံမှ အသုံးပြုသူများစွာ ရှိပါသည်။ ထို့ကြောင့် Facebook အား အလွဲသုံးစားပြုမှုကိုကာကွယ်ခြင်းသည် အလွန်ကြီးမားသည့် တာဝန်ဖြစ်ပါသည်။ ၎င်းအတွက်ကြောင့်လည်း ကျွန်ုပ်တို့သည်နောက်နောင်တွင် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါ Pages များနှင့် အကောင့်များမှ အကြောင်းအရာအချို့ကို နမူနာအဖြစ် အောက်တွင် ဖော်ပြထားပါသည်။ ၎င်း page များနှင့် အကောင့်များသည် အကြောင်းအရာများနှင့် ပတ်သက်ပြီး ချိုးဖောက်ခြင်းကြောင့်မဟုတ်ဘဲ ကြိုတင်တိုင်ပင်ထားသော မူမမှန်သည့် ပြုမူပုံများကြောင့် ဖယ်ရှားခံရခြင်းဖြစ်ပါသည်။
အောက်ပါအကြောင်းအရာများသည် Facebook ၏ လူမှုကွန်ရက်စံနှုန်းကို ချိုးဖောက်သောကြောင့် ဖယ်ရှားခဲ့ပါသည်။